ကုလအတွင်းရေးမှူးချုပ် နေရာအတွက် ဖီဖာဥက္ကဋ္ဌကို ထရမ့်ပ် အဆိုပြုမည်ဟု သတင်းထွက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူဖို့ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အဆိုပြုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အထူးသဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး လက်ခံကျင်းပခဲ့တဲ့ ကာလတလျှောက်မှာ သူတို့ ၂ ယောက်ကြား ပိုမိုရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သလို အငြင်းပွားစရာတွေလည်း ရှိခဲ့ပါတယ်။

New York Post သတင်းဌာနက သမ္မတနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့ရာမှာတော့ အင်ဖန်တီနိုဟာ အလားအလာရှိပြီး “လေးစားထိုက်တဲ့” ကိုယ်စားလှယ်လောင်းအဖြစ် ထရမ့်ပ် အနေနဲ့ ရှုမြင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ ဒုတိယမြောက် သက်တမ်းကလည်း ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးဖို့ ရှိနေတဲ့အလျောက် သူ့နေရာကို အစားထိုးမဲ့ လုပ်ငန်းစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒီရာထူးအတွက် ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ ထောက်ခံချက် လိုအပ်မှာ ဖြစ်ပေမဲ့လည်း အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဗြိတိန်ကတော့ ဗီတိုအာဏာသုံးပြီး ဒါကို ကန့်ကွက်နိုင်ပါတယ်။

လောလောဆယ်အထိ ကုလအတွင်းရေးမှူးချုပ်အသစ်ဖြစ်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ တယောက် နုတ်ထွက်သွားတာကြောင့် အင်ဖန်တီနိုသာ ပါဝင်လာခဲ့ရင် စုစုပေါင်း ၇ ယောက် ရှိပါတယ်။

ဒါပေမဲ့လည်း ကုလအတွင်းရေးမှူးချုပ် ၁၀ ယောက်စလုံးဟာ အမျိုးသားတွေချည်းပဲ ဖြစ်နေတာကြောင့် အဲဒီရာထူးကို အမျိုးသမီးတယောက်က ပထမဆုံးအကြိမ် တာဝန်ယူသင့်တယ် ဆိုပြီး တိုက်တွန်းနေကြပါတယ်။

အဲဒီထဲမှာ ဆယ်စုနှစ်နဲ့ချီတဲ့ သံတမန်ရေးအတွေ့အကြုံရှိပြီး ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖြစ်ခဲ့သလို ချီလီသမ္မတဟောင်းလည်းဖြစ်တဲ့ မီရှဲလ် ဘာချေးလက်ဟာ တစ်ပြေးနေပါတယ်။

တဖက်မှာတော့ အင်ဖန်တီနိုဟာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေနဲ့ အာဏာချုပ်ကိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အငြင်းပွားဖွယ်ရာတွေ အပါအဝင် ရုရှားနဲ့ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အပေါ် လျစ်လျူရှုတယ်ဆိုပြီး ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

အလားတူ ထောက်ခံသူတွေဘက်က အင်ဖန်တီနိုဟာ ကမ္ဘာတလွှား ဘောလုံးအားကစားနည်းရဲ့ လွှမ်းခြုံနိုင်စွမ်းကို ကျယ်ပြန့်အောင် လုပ်နိုင်ခဲ့တဲ့အပြင် ကုလသမဂ္ဂထက်တောင် အဖွဲ့ဝင်ပိုပြီးများတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုကိုပါ စီမံခန့်ခွဲနိုင်သူ ဖြစ်တယ်လို့ တုံ့ပြန်ထားကြပါတယ်။

တကယ်လို့ ထရမ့်ပ်ကသာ အင်ဖန်တီနိုကို တရားဝင် အမည်စာရင်း တင်သွင်းခဲ့မယ်ဆိုရင် သူ့အတွက် ခက်ခဲနိုင်ပေမဲ့လည်း အခွင့်အရေးရှိနေဆဲ ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။